javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Wednesday, February 17, 2010

Tou ya Ko ( တိုးယကို ) သို့တခေါက်

(၂၀၀၉ခုနှစ် အောက်တိုဘာ ၁၈ရက် )

ကင်မရာဝယ်ပြီးပြီမို့ မျောက်အုန်းသီးရသလိုပဲ မြင်ရာကို ရိုက်ချင်နေပါတော့တယ် :Pမမတို့ ဆီကို ရောက်တဲ့ ဒုတိယမြောက်နေ့ပါ။ မနက်အစောကြီး မမက မီးငယ်တည်းတဲ့ဟိုတယ်ကိုလာကြိုပေးပြီး TouyaKo( တိုးယကို ) ကို လာခဲ့ကြပါတယ်။မမရဲ့ ဇာတိ နိုဘိုးရိဘဲ့စွတ်ကကနေတောင် ၁နာရီခွဲနှစ်နာရီလောက်မောင်းပြီးမှ ရောက်တဲ့နေရာမို့ သီးသန့်လိုက်ပို့ပေးတဲ့ မမကို ကျေးဇူးတင်လျှက်ပါ။


တိုးယကို ကို သွားတဲ့ လမ်းခုလတ်မှာ တံတားတစင်းရှိပါတယ်။ အဲ့ဒီတံတားကို ဖြတ်မောင်းမယ် လုပ်ပြီးမှ မီးငယ်စကားများနေတဲ့ လေကြောကို မိသွားရှာတဲ့မမ တခြားတလမ်းကိုရောက်သွားပါတော့တယ်။
အပြန်ကျမှ လိုက်ပို့မယ်ပြောပြီး လမ်းဘေးတနေရာကနေ ကားရပ်လို့ လှမ်းပြခဲ့ပါတယ်။ မြူတွေဆိုင်းနေတာမို့ ဓာတ်ပုံထဲမှာ တံတားပါမလာဘဲ ဘယ်က အရုပ်တကောင် ထောင်ထားသလဲ လို့ ထင်ရတဲ့ မီးငယ်ပုံပဲ ပါလာပါတော့တယ် :D

အဝေးမှာလှမ်းမြင်နေရတဲ့ သင်္ဘောလေးကို သွားစီးမှာပါ။ တိုးယကိုဆိုတာ မြန်မာလိုတော့ တိုးယကန်ပါပဲ။ ကန်အကြီးကြီးထဲမှာ သင်္ဘောပတ်စီးဖို့ သီးသန့်ပဲ သွားကြတာပါ။ မမက မေးတယ် သင်္ဘောစီးဖူးလားတဲ့ :P
သင်္ဘောစီးခ တယောက်ကို ယန်း ၃၀၀၀ ပေးရပါတယ်။ ဈေးကြီးလိုက်တာ :(


သင်္ဘော ကုန်းပတ်တနေရာမှ ရိုက်ထားတာပါ။ဖြစ်ချင်တော့ မိုးဖွဲဖွဲရွာနေတာမို့ရာသီက မှုန်မှိုင်းနေပါတယ်။


သင်္ဘောအတွင်းမှာရိုက်ထားတာပါ။ အပြင်က မြင်ကွင်းကို လှမ်းကြည့်ရတာ ရန်ကုန်က ပန်းဆိုးတမ်းကနေ ဟိုဘက်ကို ကူးတဲ့ဇက်နဲ့တောင် တူသေး :D










သင်္ဘောထဲမှာ လက်ဆောင်ပစ္စည်းတွေရောင်းပါတယ် ။ တခုမှ ယန်း၂ထောင် အောက် မရှိတဲ့အပြင် ကိုယ်နဲ့ အသုံးတဲ့တာလည်း မရှိတာကြောင့် ငေးမောရင်း ငမ်းရင်း သွားရည်ကျရုံအပြင် ဘာမှကို မ၀ယ်လာခဲ့ပါဘူး :P
သင်္ဘောပေါ်ကဆင်းတော့ ကျွန်းလေးဆီကို သွားရပါတယ်။ ကန်ထဲ ပတ်စီးရုံတခုထဲမဟုတ်ဘဲ ဆိတ်တွေမွေးထားတဲ့ ကျွန်းလေးကိုပါ ပို့ပေးတာမို့ တကယ်က သင်္ဘောပတ်စီးရုံပဲ စီးလည်း ဖြစ်ပေမယ့် ရောက်ဖူးအောင် ဆင်းလိုက်ပါတယ်။ ဆိတ် မြင်ဖူးလား မေးတာမို့ ရီရပါသေးတယ်။
ဂျပန်မှာကတော့ ဆိတ်က ရှားပါးသတ္တ၀ါထဲပါပါတယ် :D
ဒီမော်တော်ဘုတ်လေးစီးချင်ရင်လည်း ရပါသေးတယ်။ မေးကြည့်တော တယောက်ကို ၃၅၀၀ ယန်းဆိုတာနဲ့ ဓာတ်ပုံပဲ ရိုက်ခဲ့ပါတော့တယ်။ စီးမှ မစီးနိုင်ပဲကွယ်. နော့ :D

ဒါသင်္ဘောပေါ်ကဆင်းပြီး ကျွန်းလေးဆီကို ကူးတဲ့ တံတားပါ။ ချစ်တဲ့မမပုံလေးပါ ( နာမည်က တာကမိစံ ပါ )
အလာတုန်းက သင်္ဘောနဲ့ ပြန်လာကြိုတဲ့ သင်္ဘောမတူတာမို့ သင်္ဘောနှစ်မျိုးစီးရသလိုပါပဲ။


ဒါကတော့ ဟော့ကိုင်းဒိုး တိုးယကို ဆိုတဲ့ အမှတ်တရ ဆိုင်းဘုတ်ပါ။ ( တော်သေးရဲ့ ခွေးရုပ်ဘူတာ မရှိလို့ :D )
အဲ့ဒီအနားမှာပဲရှိတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ခြေထောက်ကို ရေနွေးစိမ်တဲ့ကန်လေးပါ။ တိုကျိုမှာ တခါမှ မမြင်ဖူးတဲ့ အရာလေးမို့ စိတ်ဝင်တစား သွားကြည့်ခဲ့ပါတယ်။ စိမ်ကြည့်ချင်ပေမယ့် ကိုယ်ဝတ်ထားတဲ့ စတော့ကင်ကို အားနာရသေးတာမို့ ဓာတ်ပုံပဲရိုက်ခဲ့ပါတော့တယ် :D

တိုးယကိုကနေ ထွက်တော့ နေ့လည် ၁၂ခွဲကျော်နေပါပြီ။ မမရဲ့မေမေ ( အိုကားစံ ) ဆီဖုန်းလှမ်းဆက်တော့ သိုးသားမစားဘူးတဲ့ မီးငယ်ကို အိုကားစံက ကိုယ်တိုင် ချက်ကျွေးမယ်ဆိုတာနဲ့ လမ်းမှာ မုန့်တခုခုပဲစားပြီး ညနေစာအတွက် အားရပါးရ ချန်ထားမယ်လို့ တွေးရင်း တိုးယကို ကနေ ပြန်လာခဲ့ပါတော့တယ်။

0 comments: