javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Monday, February 15, 2010

တိုကျိုတာဝါသို့တခေါက်

( ၂၀၀၉ခုနှစ် ဇွန်လ ၂၉ ရက်နေ့ခရီးစဉ် )

ဂျပန်စရောက်ထဲက မသွားဖြစ်ခဲ့တဲ့ တိုကျိုတာဝါကို ဒီနေ့မှပဲ ရောက်ဖြစ်တော့တယ်။ အတူတူလည်ရမယ့် သူငယ်ချင်းမရှိတာတကြောင်း၊ တယောက်ထဲလည်း သွားရမှာ တော်တော်လေး စိတ်ညစ်တာတကြောင်းနဲ့ ဒီနေ့မှပဲ သွားဖြစ်ပါတော့တယ်။ မြန်မာနိုင်ငံကနေ ကျောင်းတက်ဖို့လာတဲ့ သူငယ်ချင်းညီမလေးကို လိုက်ပို့ရင်းနဲ့ ရောက်ဖြစ်သွားတာပါ။ သူနဲ့ကိုယ်နဲ့က နေတဲ့အရပ်က တောင်နဲ့မြောက်ပေမယ့် လိုက်ပို့ရမယ့် ၀တ္တရားကလည်း ရှိနေသေးတာမို့၊ ကိုယ်လည်းမရောက်ဖူးတာနဲ့ သွားဖြစ်ခဲ့ပါတယ်။
Asakusa Senn က Daimon ဘူတာမှာ ဆင်းပြီး လမ်းလျှောက်လိုက်ကြတာ ဟိုမေးဒီမေးနဲ့ လျှောက်ရင်းနဲ့ မိနစ်၂၀နီးပါးကြာတော့ တွေ့ပါပြီ တိုကျိုတာဝါ။ လမ်းမှာလည်း ထူးထူးခြားခြား အရုပ်လေးတွေ တွေ့တာမို့ ရိုက်ယူထားခဲ့ပါတယ်။



တယောက်ကို ဂျပန်ယန်း ၁၄၂၀ပေးရတာမို့ မြန်မာငွေနဲ့ တသောင်းခွဲကျော်ကျော်လောက်ကျပါတယ်။ အိမ်ရှင် ၀တ္တရားလေးနဲ့ ရောက်ခါစ ညီမလေးဆိုတဲ့ အသိနဲ့ ကိုယ်ချည်းပဲလိုက်ရှင်းတော့ ၄ယောက်စာ ၀င်ခနဲ့တင် တော်တော်လေးတော့ အီသွားလေရဲ့ :P လမ်းစားရိတ်ကလည်း တယောက်စီကို ယန်း၁၀၀၀ လောက်ကျသင့်ပါတယ်။ မြန်မာစိတ်ဓာတ်လေးက ဘယ်လိုမှ ဖျောက်မရတာမို့ တလမ်းလုံး ကိုယ်ကပဲ ရှင်းပေတော့ပေါ့လေ။ :P



အပေါ်ကနေ တိုကျိုမြို့ကို စီးမြင်ရတဲ့ မြင်ကွင်းလေးက ကြည်နူးစရာပါပဲ။





ကြမ်းပြင်မှာ ၄ပေလောက်ရှိတဲ့ မှန်ကွက်လုပ်ထားတာမို့ တာဝါအောက်တည့်တည့်က လမ်းမကြီးနဲ့ အခြားအရာတွေကို မြင်နေရတာလည်း အသည်းတအေးအေးနဲ့ မကြည့်ဘဲလည်းမနေနိုင်တာမို့ ကြည့်ဖြစ်ခဲ့ပါသေးတယ်။



သွားလေရာအရပ်မှာ လက်ဆောင်နဲ့ အမှတ်တရပစ္စည်းတခုခုဝယ်တတ်တဲ့ ကျွန်မ လက်ဆောင်တန်းကို ရောက်ပြန်တော့ ကီးချိန်းတခုတောင် မြန်မာငွေနဲ့ ရှစ်ထောင် တစ်သောင်းနီးပါး၊ များများစားစားလည်း မ၀ယ်နိုင်ဘဲ ၀င်းဒိုးရှော့ပင်းနဲ့ ပြန်လာခဲ့ပါတယ်။ ဒါတောင် ချွေချွေတာတာ နှမြောစွာနဲ့ပဲ ဖုန်းမှာချိတ်တဲ့ ကီးချိန်း၂ခု၊ တာဝါပုံကီးချိန်းနှစ်ခုနဲ့ တိုကျိုတာဝါအသေးစားလေး ၀ယ်ဖြစ်ခဲ့ပါသေးတယ်။ တခြားလိုချင်တာတွေကလည်း အများသား၊ :(



ကမ္ဘာ့မှတ်တမ်း ဂင်းနစ်မှတ်တမ်းဝင်တဲ့ အရာတွေကို ပြတိုက်လုပ်ထားတဲ့ ပြတိုက်ခန်းအသေးလေးကိုတော့ မ၀င်ဖြစ်ခဲ့တော့ပါဘူး။ နောက်ထပ်ဝင်ကြေးတယောက်ကို ယန်း၁ထောင်ကျသင့်မှာ တကြောင်း၊ အတူတူလာတဲ့ ညီမလေးနဲ့ သူငယ်ချင်းတွေရော ကိုယ်ရောပင်ပန်းနေပြီဖြစ်တာက တကြောင်းနဲ့၊ သူတို့ကလည်း သိပ်စိတ်ဝင်စားပုံမရတာနဲ့ မ၀င်ခဲ့တော့ပေမယ့် ရှေ့ကနေတော့ ဓာတ်ပုံရိုက်လာခဲ့ပါတယ်။ အထဲဝင်လည်း ဓာတ်ပုံပေးမရိုက်တာနဲ့အတူတူလေ :P



တာဝါအောက်ကိုပြန်ရောက်တော့ တာဝါရှေ့မှာရောင်းနေတဲ့ ရေခဲမုန့်ဆိုင်က တယောက်တခုစီ ၀ယ်စားပြီး အိမ်ကို ပြန်လာလိုက်တာ အိမ်ပြန်ရောက်တော့ ည၉နာရီခွဲနေပါပြီ။ အိုးးး. ပင်ပန်းလိုက်တာကွယ်။
ဘာပဲဖြစ်ဖြစ်တကယ့်ကို ပျော်စရာကောင်းခဲ့တဲ့ခရီးစဉ်တခုပါပဲ။

0 comments: