javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Monday, February 15, 2010

Noboribetsu(နိုဘိုးရိဘဲစွတ်) သို့အလည်

( ၂၀၀၉ခုနှစ် အောက်တိုဘာ ၁၇ ရက် )

ကာစတန်မာကုမ္ပဏီမှာ ဘယ်တော့မှ မမေ့နိုင်မယ့် မိတ်ဆွေကောင်း ချစ်တဲ့မမတယောက်လည်း ရခဲ့ပါတယ်။ အသက်ကတော့ မီးငယ်မေမေနဲ့မှ ရွယ်တူ :P ဒါပေမယ့် ကိုယ်နဲ့ ထပ်တူထပ်မျှပဲ။ ကိုယ့်လောက်အငြိမ်မနေတတ်တဲ့သူနဲ့ကို ထပ်တူလိုက်ပြီး နေပေးနိုင်တယ်။ သူနဲ့တူတူသွားခဲ့တဲ့ ခရီးတွေ တော်တော်များပါတယ်။ တကယ့်ကို စိတ်တူကိုယ်တူနဲ့ အရမ်းကိုပျော်ခဲ့ရတယ်။ အခုလည်း မမက သူ့ရဲ့ မွေးရပ်မြေကို စနေတနင်္ဂနွေ ပြန်မှာမို့ လိုက်ချင်လိုက်ခဲ့လို့ ခေါ်တာနဲ့ ကိုယ်လည်း စူဠလိပ်ရေထဲချတာမှ ပြန်ပေါ် ဦးမယ်။ ဟုတ်ကဲ့ဆိုပြီး ချက်ချင်း အထုပ်ပြင်တော့တာပါပဲ :P သူက ကိုယ်ပိုင်ကားလည်းရှိတာမို့ နှစ်ယောက်ထဲ ကားတစီးနဲ့ လျှောက်သွားနေကြပါ။ မနက်စောစော ၈နာရီမထိုးခင် အိမ်ကိုလာကြိုပေးပြီး ၄ နာရီလောက် မောင်းပြီးတဲ့နောက်မှာတော့ မမနေထိုင်တဲ့ အိမ်ကိုရောက်ခဲ့ပါတယ်။ နမော်နမဲ့နိုင်တဲ့ကိုယ် လွတ်ကျလို့ ကင်မရာပျက်သွားတာမို့ ကင်မရာအသစ် မ၀ယ်ရသေးဘဲ လိုက်သွားရတော့ ဒီတခေါက်လည်း ထုံးစံအတိုင်းဖုန်းနဲ့ပါပဲ။ မမရဲ့ မေမေကိုလည်း ကိုယ့်မေမေ တော်လိုက်တာမို့ နိုဘိုးရိဘဲ့စွတ်မှာ အိုကားစံ ( အမေ ) တယောက် ရခဲ့ပါတယ်။


ရောက်ရောက်ချင်းပဲ အိုကားစံနဲ့အတူ အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ တိုကျိုမှာ မရှိတဲ့ ရှားပါးလှတဲ့ ဂျပန်ရိုးရာ အိမ်တွေရဲ့ အနေအထားကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ သမီးအရင်းလေးလို ချစ်လို့ တဖွဖွ စိုးရိမ်တကြီးနဲ့ တချိန်လုံးမှာနေတတ်တဲ့ အိုကားစံကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကိုယ်ကလည်း ကိုယ်ပါပဲ။ မျောက်ရှုံး အောင်အဆော့သန်တယ်လေ :D ချစ်တဲ့ အိုကားစံကျန်းမာပါစေ။ တိုကျိုမှာ ရှိတဲ့ စက်ရုပ်ဆန်တဲ့ လူသားအများစုနဲ့ သိပ်နေသားမကျနိုင်တဲ့ ကျွန်မ နယ်မြို့လေးကို ရောက်သွားတဲ့အခါမှာတော့ တကယ့်ကို နွေးထွေးမှုတွေ ခံစားရပြီး ပျော်ခဲ့တာ။ အိုကားစံချက်ထားတဲ့ ထမင်းနဲ့ဟင်းကို စားပြီးတဲ့နောက်မှာတော့ အိမ်နားမှာရှိတဲ့ Marine Park ကို အလည်သွားခဲ့ပါတယ်။ Marine Park ပုံတွေလည်း များလွန်းတာမို့ နောက်ပို့စ်တခုမှပဲ တင်တော့မယ် :P

0 comments: