မီးငယ်နေတဲ့နေရာကနေ ၄၅ မိနစ်ရထားစီးရတဲ့တိုကျိုဘိုတာမှာ မမ၀ါဝါတို့မိသားစုနဲ့ချိန်းပြီးတော့ နောက်ထပ်ရထားတဆင့် စီးရပြန်ပါတယ်။ ရထားပေါ်က ဆင်းတဲ့အခါတော့ ကမာကုရကို သွားတဲ့ ဘတ်စ်ကား စီးရပါတယ်။ မီးငယ် ပထမတခေါက်သွားတုန်းက ဘတ်စ်ကားမစီးဖူးခဲ့တာမို့ ဒီတခေါက်တော့ ပျော်ခဲ့ပါတယ်။ တိုကျိုမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ယိုကိုဟားမားမှာ ရှိတဲ့ ဘုရားဖြစ်တာမို့ ကျေးလက်စရိုက်လေးတွေ လွှမ်းနေတဲ့ ဒေသခံတွေကို မြင်ရတာ စိတ်လက်ပေါ့ပါးမှုကို ခံစားရပြန်ပါတယ်။
အပေါ်ကပုံလေးကတော့ ဘတ်စ်ကားထဲမှာ ရိုက်ထားတာပါ။ ဘိုးဘိုးဘွားဘွားတွေကို မြင်ရတာမို့ သူတို့ရဲ့ ချစ်စရာကောင်းပုံလေးတွေကို ကြည့်ရင်း မပြုံးဘဲမနေနိုင်အောင်ပါပဲ။
မီးငယ် မြန်မာနိုင်ငံမှာ ရှိစဉ်ထဲက လက်ဆောင်ရခဲ့ဖူးပါတယ်။ နောက်ထပ်ယုံကြည်မှု တခုက ကမာကုရ ဆင်းတုတော်ကို လက်ဆောင်အဖြစ် ရတဲ့ မိသားစုက တယောက်ယောက်ဟာ ဂျပန်ကို ကိုယ်တိုင်သွားပြီး ကမာကုရဘုရားကို ဖူးခွင့်ရတယ် ဆိုတဲ့အယူပါပဲ။ မီးငယ်ရဲ့ မြန်မာမှာရှိတဲ့ မေမေ့မိတ်ဆွေ မိသားစုတွေထဲမှာလည်း အဲ့လိုပဲ ကြုံတွေ့ခဲ့ကြရတာမို့ တိုက်ဆိုင်မှုဆိုရင်တောင် ယုံကြည်နိုင်လောက်တဲ့ အနေအထားပါပဲ။
ဦးဥာဏ်၊ မမ၀ါဝါ၊ နဲ့ ခိုင် တို့မိသားစု အမှတ်တရ
အရမ်းကို ပျော်ခဲ့ရတဲ့ အမှတ်တရနေ့လေးပါ။ ပြည်တော်ပြန်ခါနီး အလုပ်တွေ မအားလပ်တဲ့ကြားက တကူးတက တွေ့ပေးခဲ့တဲ့ မမတို့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတဲ မမတို့မိသားစုကို အားကျလေးစားစွာနဲ့ ဒီပို့စ်လေးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။
မမတို့ မိသားစု အမြဲထာဝရ ငြိမ်းချမ်းပါစေ။
ချစ်ခင်လျှက်
မီးငယ်